International News

စင်ကာပူအနေဖြင့် နှစ်နိုင်ငံအကြား ခရီးသွားလာခွင့်အတွက်သာမက အာဆီယံဒေသအကြား ခရီးသွားလာခွင့်အစီအစဉ်အတွက်ပါ တစ်ပြိုင်တည်း ဆွေးနွေးဆောင်ရွက်သွားလို

Last Updated:

ကိုဗစ် ၁၉ ကာလအတွင်း အာဆီယံနိုင်ငံများအကြား သို့မဟုတ် ပိုမိုကျယ်ပြန့်သော ဒေသတွင်းနိုင်ငံများအကြား ခရီးသွားလာမှုအစီအစဉ် Green Lane သို့မဟုတ် Travel Bubble ကို ကာလတိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မဖြစ်နိုင်သော်လည်း လက်ရှိနှစ်နိုင်ငံအကြားသဘောတူညီမှုရရှိရေး ဆောင်ရွက်ချက်များ နှင့်တစ်ပြိုင်တည်း ဆွေးနွေးမှုပြုလုပ်သွားသင့်ကြောင်းနှင့် စင်ကာပူအနေဖြင့် ထိုသို့ဆောင်ရွက်သွားနိုင်ရန် ဆန္ဒရှိကြောင်း စင်ကာပူနိုင်ငံ၏ ကိုဗစ် ၁၉ ဆိုင်ရာဝန်ကြီး ဌာန ပေါင်းစုံလုပ်ငန်းအဖွဲ့က ပြောကြားခဲ့ပါသည်။

အာဆီယံနိုင်ငံများတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေတို့မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားမှုရှိနေသည့်အတွက် Green Lane အစီအစဉ်ကို အကောင်အထည် ဖော်ရာတွင် နှစ်နိုင်ငံအကြားဆွေးနွေးမှုများက ပိုမိုလွယ်ကူ၍မြန်ဆန်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် လက်ရှိ မိမိတို့ ဆောင်ရွက်နေသည့် မလေးရှားနိုင်ငံနှင့် ဆွေးနွေးမှု များမှာ တိုးတက်မှုရရှိလျက်ရှိပြီး၊ ဒေသတွင်းရှိ အခြားနိုင်ငံများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံတစ်ခုနှင့်တစ်ခုရောဂါဖြစ်ပွားမှု အခြေ အနေမတူညီသည့်အတွက် ဆွေးနွေး၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့် အချိန်ကာလများမှာ တူညီနိုင်မည် မဟုတ်ကြောင်း၊ ဒေသတွင်းနိုင်ငံ များသည် လုံခြုံစိတ်ချရသောအခြေအနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်သော သို့မဟုတ် စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ ခရီးသွားလာမှုများ ပြုလုပ်နိုင်ရန်အတွက် အာဆီယံအဆင့် သို့မဟုတ် ဒေသတွင်းအဆင့်အထိ နယ်စပ်ဖြတ်သန်း ခရီးသွားလာခွင့်အစီအစဉ်ကို ဆောင်ရွက်သွားသင့်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာနဝန်ကြီး Mr Lawrence Wong က ပြောကြားခဲ့ပါသည်။

ဤသို့ ခရီးသွားလာမှုအစီအစဉ်အတွက် နှစ်နိုင်ငံအကြား ဆွေးနွေးမှုများမှ စံနမူနာ ယူနိုင်သောပုံစံများကို ရရှိလာပါက ဒေသတွင်းအဆင့်အထိ တိုးချဲ့သွားနိုင်ကြောင်းနှင့် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်ဆောင်ရွက်မှုများမှာ ပို၍အဆင်ပြေမြန်ဆန်မည် ဖြစ်သော်လည်း ဒေသတွင်းအဆင့်ဆွေးနွေးမှုများကိုပါ တစ်ပြိုင်တည်း ဆောင် ရွက်သွားသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Mr Gan Kim က ပြောကြားပါသည်။

စင်ကာပူသည် တရုတ်နိုင်ငံရှိ စီရင်စု/မြူနီစီပယ် (၆) ခုနှင့် အရေးကြီးဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းပိုင်းဆိုင်ရာ အပြန်အလှန်ခရီးသွားလာခွင့်အစီအစဉ်ကို ဇွန်လ ၈ ရက် နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ အကြား နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်၍ လုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံဝန်ကြီးချုပ်များက တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပြီးနောက် Green Lane နှင့် ပုံမှန်ဖြတ်သန်းသွားလာခွင့်အစီအစဉ်တို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ်။        ။  Ministry of Trade & Industry/ The Straits Times

Category: International News